သွားမညီမညာဖြစ်ခြင်းအတွက် အထိရောက်ဆုံး သွားထိန်းကြိုးညှိခြင်း သို့မဟုတ် Brace တပ်ခြင်း
Brace တပ်တယ်ဆိုတာ သွားမညီမညာဖြစ်ခြင်း၊ သွားခေါခြင်း၊ သွားအစုအပြုံလိုက်ပေါက်ခြင်း စတဲ့ပြဿနာဖြစ်သူတွေမှာ သွားညီညာပြီး ပုံမှန်အတိုင်းဖြစ်စေဖို့ တပ်ပေးရတဲ့ သွားထိန်းကိရိယာပဲဖြစ်ပါတယ်။
များသောအားဖြင့် ဆယ်ကျော်သက်အရွယ် ငယ်သွားတွေကျိုးပြီး ကြီးသွားတွေ စုံလင်စွာပေါက်လာတဲ့အခါမျိုးမှာ သွားထိန်းကိရိယာကို စတင်တပ်ကြပါတယ်။ တချို့လူလတ်ပိုင်း၊ လူကြီးတွေမှာလည်း အကြောင်းအမျိုးမျိုကြောင့် သွားထိန်းကြိုးတပ်ဖို့ လိုအပ်လာနိုင်ပါတယ်။ သွားထိန်းကြိုးတပ်ခြင်းဟာ ရုတ်တရက်ကြည့်ရင်တော့ ကြည့်လို့မလှဘူးထင်ရပေမယ့် နှစ်ရှည်ကြာဖြည်းညှင်းစွာ သွားကို ပြုပြင်ထိန်းညှိပေးတာဖြစ်ပြီး သွားထိန်းကြိုးဖြုတ်လိုက်တဲ့အခါ ညီညာလှပတဲ့ သွားတန်းလေးတွေရယ်၊ သိပ်လှတဲ့ အပြုံးလေးတစ်ပွင့်ကို ပေးစွမ်းနိုင်မှာပါ။
သွားထိန်းကြိုး၊ ကိရိယာအမျိုးအစားတွေကတော့
- သမားရိုးကျ သံကြိုး (Metal Brace) - သွားရှေ့မှာ တပ်ထားပေးရတာဖြစ်ပြီး သွားတစ်ချောင်းချင်းစီအတွက် အံဝင်ခွင်ကျဖြစ်စေဖို့ သေချာညှိထားပေးရပါတယ်။ ဒါ့အပြင် အလွယ်တကူ လှုပ်ဆန့်လို့ရတဲ့ ဝါယာကြိုးများဖြင့် ပတ်ထား၍ ဒီသံကြိုးတွေကို သူ့နေရာအတိုင်းဖြစ်နေစေဖို့ ထိန်းထားပေးပါတယ်။ သွားအပေါ် ဖိအားသက်ရောက်မှုများတဲ့အတွက် ပိုကောင်းတဲ့ ရလဒ်ကို ရစေနိုင်ပေမယ့် စတပ်ခါစမှာတော့ ညအိပ်ချိန်မှာ သွားအစွပ်ကို စွပ်ပေးထားလို့ရပြီး မနက်နိုးလာမှ ဖြုတ်လိုက်ရုံပါပဲ။
- သွားအရောင်အတိုင်း ဖြစ်နေတဲ့ ကြွေသွားထိန်းကြိုး (Ceramic Brace) - နဂိုသွားထိန်းကြိုးကိုမှ သွားအရောင်အတိုင်း လုပ်ထားတာဖြစ်ပြီး အကြည်ရောင်၊ စတီးရောင်၊ ရွှေရောင်နဲ့လည်း ရနိုင်ပါတယ်။
- Lingual Brace - လျှာဘက်ကို မျက်နှာမူပြီး သွားရဲ့အနောက်ဘက်ခြမ်းမှာ တပ်ထားတာဖြစ်လို့ အပြင်ဘက်က ကြည့်ရုံနဲ့ မမြင်ရနိုင်ပါဘူး။
- ပလတ်စတစ်အစွပ် (Clear Aligners) - သွားပေါ်မှာ အံဝင်ခွင်ကျဖြစ်နေစေမယ့် ပလတ်စတစ်အစွပ်လေးများဖြစ်ပြီး မှန်ကန်တဲ့အနေအထားအတိုင်း သွားညီအောင် ညှိပေးနိုင်မှာပါ။ အစာစားချိန်၊ သွားတိုက်ချိန်၊ သွားပွတ်ကြိုးအသုံးပြုချိန်မှာတော့ ချွတ်ပေးရမှာဖြစ်ပြီး ကျန်တဲ့အချိန်တွေမှာ တောက်လျှောက်ဝတ်ပေးထားဖို့ လိုအပ်သလို တစ်ရက်ကို အနည်းဆုံး ၂၂ နာရီကြာအောင် တပ်ပေးထားဖို့လည်း လိုအပ်ပါတယ်။
Brace တွေဟာ လပိုင်းတွေကနေ နှစ်အတော်ကြာအထိ သွားပေါ်မှာ တပ်ဆင်ပေးထားရတာဖြစ်ပြီး အပေါ်ကနေ ဖိအားတစ်ခုသက်ရောက်စေကာ မညီမညာဖြစ်နေတဲ့သွားတွေကို ဖြည်းဖြည်းချင်း ညီသွားအောင်လို့ ထိန်းထားပေးပါတယ်။ သွားအောက်မှာရှိတဲ့အရိုးကိုပါ နေရာပြောင်းလဲပေးတဲ့အတွက် မေးရိုးတစ်ခုလုံးကို အနေအထားပြောင်းပေးတာလို့ ပြောရင် ပိုမှန်ပါတယ်။
စပြီး တပ်ကာစမှာတော့ သက်သောင့်သက်သာမဖြစ်တာ၊ သွားဖုံးသွေးထွက်တာ၊ အစာစားတဲ့အခါ သွားစွပ်ကြိုးမှာ ညှပ်နေတာတွေ ဖြစ်နိုင်ပါတယ်။ ဆရာဝန်အနေနဲ့ Brace တပ်ပြီးတဲ့အခါ ကိုယ့်ရဲ့ စားသောက်နေထိုင်မှုပုံစံကို ဘယ်လိုပြင်ဆင်သင့်လဲ၊ သွားနဲ့ခံတွင်း သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်ပေးသင့်လဲဆိုတာကို တစ်ခါတည်းပြောပြပေးမှာဖြစ်ပြီး အတိအကျလိုက်နာဖို့ လိုအပ်ပါတယ်။
ဆရာဝန်ရက်ချိန်းအလိုက် လာပြတဲ့အခါ ကိုယ့်ရဲ့သွားအခြေအနေနဲ့ သွားစွပ်ကြိုးတပ်ထားတာမှာ ချောင်နေခြင်း၊ တိမ်းစောင်းနေခြင်း ရှိမရှိကို ပြန်စစ်ဆေးပြီး သတ်မှတ်ချိန်မပြည့်ခင်အထိ တပ်ထားဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ သွားအနေအထားပေါ် မူတည်ပြီး သွားအားလုံးကို တပ်ထားပေးဖို့လိုအပ်သလို တချို့လူတွေမှာ သွားအနည်းငယ်ကိုသာ တပ်ပေးရတာမျိုးလည်း ရှိပါတယ်။
မေးရိုးလွဲတတ်သူများ၊ မေးရိုးချောင်နေသူတွေမှာတော့ မေးရိုးအနေအထားကို ပြောင်းလဲဖို့အတွက် သွားထိန်းကြိုး တပ်ရတာမျိုးလည်း ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ Brace တပ်ပြီဆိုရင် အနည်းဆုံး ၁ နှစ်မှ ၃ နှစ်အထိ ကြာနိုင်ပြီး အချို့လူတွေမှာ ၃ နှစ်ထက် ကြာနိုင်သလို အချို့လူတွေမှာတော့ ၁ နှစ်အောက်ပဲ တပ်ဖို့လိုအပ်တာလည်း ဖြစ်နိုင်ပါတယ်။
စစတပ်ကာစမှာ သက်သောင့်သက်သာမဖြစ်တာလောက်ပဲ ခံစားရမှာဖြစ်ပြီး လိုအပ်လာရင်တော့ အကိုက်အဲပျောက်ဆေးတွေ သောက်ပေးလို့ရပါတယ်။ သံနဲ့ ဓာတ်မတည့်ရှိသူတွေမှာ ပလတ်စတစ်၊ ကြွေစတဲ့ သွားထိန်းကြိုးတွေနဲ့ ပြောင်းတပ်ပေးမှာဖြစ်ပါတယ်။
ဆေးခန်းအလိုက် သွားထိန်းကြိုးတပ်တဲ့ ကုန်ကျစရိတ် ကွာဟသွားနိုင်ပေမယ့် ပမာဏတစ်ခုတော့ ကုန်ကျစရိတ်ရှိနိုင်တာကြောင့် ဒီအချက်ကိုတော့ ကြိုတင်ထည့်သွင်းစဉ်းစားပေးဖို့ လိုအပ်ပါတယ်။
Source: https://www.webmd.com/oral-health/braces-and-retainers#1
ရေးသားသူ - ရဲမျိုးမြတ်